Wednesday, October 19, 2011

အွန်လိုင်းကြောင့် အုံးနှောက်ဝန်ပိခြင်း မဖြစ်စေရန်..

အွန်လိုင်းသုံးချိန်ကို မှတ်ထားပါ
သင့်အနေနဲ့ တစ်နေ့မှာ အွန်လိုင်း သုံးချိန် ဘယ်လောက်များများ ရှိသလဲဆိုတာကို မှတ်ထားသင့်ပါတယ်။ ကွန်ပျူတာ မသုံးခင်နဲ့ သုံးနေဆဲ အချိန်တွေမှာ သင် ဘယ်လိုခံစားရသလဲဆိုတာကို မှတ်ထားပါ။ လူအများစုဟာ ပျင်းရိတဲ့အခါ၊ အထီးကျန်တဲ့အခါနဲ့ ပူပင်သောကများတဲ့အခါတွေမှာ အွန်လိုင်း သုံးတတ်ကြပါတယ်။

အင်တာနက်သုံးချိန်ကို ကန့်သတ်ထားရှိပါ
အင်တာနက် အသုံးပြုချိန်ကို ကန့်သတ်ထားပါ။ ဆိုလိုတာက အီးမေးလ်တွေဖတ်ဖို့၊ လိုအပ်ရင် စာပြန်ဖို့၊ Facebook စာမျက်နှာကို ပြင်ဆင်ဖို့အတွက် အချိန် တစ်နာရီလောက် ပေးတာမျိုး ဖြစ်ပါတယ်။ အချိန်စေ့သွားရင်တော့ ကွန်ပျူတာကို ပိတ်လိုက်ပါ လက်ကိုင်ဖုန်းနဲ့ အွန်လိုင်းဝင်နေတယ်ဆိုရင်တော့ Offline လုပ်လိုက်ပါ။

သဘာဝပတ်ဝန်းကျင်ကို ခံစားပါ
အင်တာနက်နဲ့ပဲ အချိန်ကုန်နေရင် သဘာဝပတ်ဝန်းကျင်ရဲ့ သာယာလှပမှုတွေနဲ့ ကင်းဝေးရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အနီးအနား ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ပါ။ သဘာဝရှုခင်းတွေကို ခံစားရင်း စိတ်ကြည်နူးမှု ရယူကာ ဦးနှောက်ကို အနားပေးပါ။

ညမှာ အက်ကိုင်ဖုန်းနှင့် အင်တာနက်ပိတ်ပြီး အိပ်ပါ
မအိပ်ခင်မှာ လက်ကိုင်ဖုန်း၊ အင်တာနက်စတာတွေကို ပိတ်သင့်ပါတယ်။ ဒါမှ အနှောက်အယှက်သံတွေ ကင်းကင်းနဲ့ အိပ်ရေး၀၀ အိပ်စက် အနားယူနိုင်မှာဖြစ်ကာ ဦးနှောက်စွမ်းအားလည်း ပြည့်ဝနေမှာ ဖြစ်ပါတယ်။

အင်တာနက်မသုံးခင် သဘောကျသော အရာများအကြောင်း စဉ်းစားပါ
သင်ဝါသနာပါနဲ့အရာက စာအုပ်ကိုင်ပြီး စာဖတ်ရတာမျိုးလား၊ လေ့ကျင့်ခန်းလုပ်တာလား၊ သူငယ်ချင်းတွေနဲ့ လူချင်းတွေ့ပြီး စကားလက်ဆုံ ကြရတာမျိုးလား၊ ရုပ်ရှင်ရုံကို သွားကြည့်ရတာမျိုးလား၊ ဒါမှမဟုတ် တောင်တက်ရတာမျိုးလား၊ ဒီလိုလှုပ်ရှားမှုတွေက အွန်လိုင်းမှာ လုပ်လို့မရပါဘူး၊ အင်တာနက်သုံးဖို့ အချိန်ပေးလိုက်ရင် ဒီလိုအခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တာကြောင့် အင်တာနက်မသုံးခင် သင်သဘောကျတဲ့ အရာတွေကို အရင်စဉ်းစားလိုက်ပါ။

မျက်စိကို အနားပေးပါ
လူအများစုက အွန်လိုင်းသုံးနေချိန်မှာ စိတ်ပါဝင်စားမှုနဲ့ အာရုံစူးစိုက်မှုတို့ကြောင့် မျက်တောင်ခတ်ဖို့ မေ့လျော့ နေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း သတိမရတတ်ပါဘူး။ အဲ့ဒီအခါ အကျိုးဆက်အနေနဲ့ မျက်စိညောင်းတာ၊ ဇက်ကြောတက်တာ၊ ပခုံးနာတာ စတဲ့ ဝေဒနာတွေ ဖြစ်လာ တတ်ပါတယ်။ တချို့လူတွေဆိုရင် ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အင်တာနက်သုံးချိန် တစ်နာရီကြာတိုင်း မျက်စိကို မှိတ်ပေးတာနဲ့ အကြောဆန့်ပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။

ဦးနှောက်ကျန်းမာစေမည့် အဟာရတို့ကို စားပါ
ဦးနှောက်ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ်ကို ရရှိအောင် အခွံမာသီး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ ငါးအဆီ၊ နေကြစေ့လို အစေ့အဆန်တွေကို စားပေးသင့်ပါတယ်။



No comments: