Sunday, September 9, 2007

နောင်မှရတဲ့ နောင်တ

ကျွန်မကို အခွင့်အရေးတစ်ခုပေးမယ်.. ပြီးခဲ့တဲ့အချိန်တွေထဲက ဘယ်အချိန်ကို ပြန်လိုချင်လဲ.. ပြောပါဆိုရင်တော့ ကျွန်မ အဖေ မဆုံးခင် (၁)ရက်အလိုကို ကျွန်မပြန်လိုချင်ပါတယ်... ဘာဖြစ်လို့လဲ? လို့မေးလာရင်တော့ ကျွန်မ ဖြေမဲ့အဖြေကို အခုပဲ ပြောပြပါမယ်.. ဒါဆို ဘာကြောင့် ကျွန်မ အဲဒီနေ့ကို ပြန်လိုချင်တာလဲ.. ဘာကြောင့် နောင်တရနေတာလဲဆိုတာကို အားလုံး ရှင်းသွားမယ်လို့ ကျွန်မထင်ပါတယ်..

ကျွန်မ ရန်ကုန်မသွားခင် (၂၀၀၄ မေလ လောက်တုန်းကပေါ့) အဲဒီတုန်းက ကျွန်မ ကျောင်းပြီးကာစ သူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ အလုပ်သွားလုပ်တာပါ.. ကျွန်မအဖေနဲ့ အမေကလည်း ခွင့်ပြုပါတယ်။ အဲဒီတုန်းက ကျွန်မအဖေမှာ ဘာရောဂါမှ မရှိဘူးဆိုတာ ကျွန်မပြောပြရင် သင်တို့ ယုံကြည်မလား.. ကျွန်မရန်ကုန်ရောက်ပြီး တစ်လကျော်လောက် (ဇူလိုင်လ)မှာပေါ့ ကျွန်မဆီကို အဖေဖုန်းဆက်တယ်.. အဲဒီတုန်းက ဖုန်းထဲမှာ ကျွန်မအဖေရဲ့ အသံကို ကောင်းကောင်း မကြားရဘူး၊ လေသံလေးပဲကြားရတယ်။ ဘာဖြစ်လို့လဲလို့မေးတော့ ရေချိုးပြီး သရက်သီး(၁)စိတ် စားလိုက်တာ အသံဝင်သွားတာလို့ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း ဂရုစိုက်ဦးနော်.. ပြီးတော့ အဖေ စကားပြောတာ မောနေမယ်.. သမီးဖုန်းချလိုက်တော့မယ်နော် ဆိုပြီး ကျွန်မဖုန်းချလိုက်ပါတယ်.. (ဟုတ်တယ်လေ သင်တို့လည်း စဉ်းစားကြည့်ပေါ့ လေသံလေးနဲ့ ပြောနေရတာ ဘယ်လောက်မော မလဲဆိုတာကို.. ကျွန်မရဲ့ အဲဒီတုန်းကအတွေးပေါ့နော်) အဲဒီနောက်ပိုင်း ကျွန်မအဖေနဲ့ ဖုန်းမပြောဖြစ်တော့ဘူး။ အဲဒီကတည်းက အဖေ့အသံလည်း ပြန်မထွက်တော့တာပေါ့။ ဒါပေမယ့် ကျွန်မကို အဖေကပေးမသိဘူး။ အလုပ်လုပ်ရတာ မဖြောင့်မှာစိုးလို့ပေါ့။ ညီမလေးဖုန်းဆက်ပြီးပြောမှ သိတော့ အခြေအနေက မကောင်းတော့ဘူးလေ။ အဲဒါနဲ့ ချက်ခြင်းပဲ ကျွန်မတောင်ကြီးကို ဘာမှ အကြောင်းမကြားဘဲ ပြန်လာတာ။ ကျွန်မရောက်တဲ့နေ့ပဲ ကျွန်မအဖေကို ဆေးရုံတင်ဖို့ ပြင်ဆင်နေကြပြီလေ။ ကျွန်မ အဖေ့နားမှာ နေ့တိုင်းနေပြီး အဖေ့ကို ပြုစုပေးပါတယ်။ အိမ်ကိုတောင် တခါတလေမှ ပြန်တာ။ အဖေ့နားက ဘယ်မှကို မခွာတော့တာ။ ဒါပေမယ့် အဖေမဆုံးခင် အောက်တိုဘာ (၂၀)ရက်နေ့ညမှာ ကျွန်မ အိမ်ကို အရမ်းပြန်ချင်တာ။ ဘာဖြစ်လို့မှန်းကို မသိဘူး။ အဲဒါနဲ့ အဖေ ဒီနေ့သမီးအိမ်ခဏပြန်မယ်နော်ဆိုတော့ ကျွန်မအဖေက ကျွန်မကို စာရေးပြီးမေးတယ်။ ဘာပြန်လုပ်မှာလည်းတဲ့။ ကျွန်မက မနက်ကျရင် ရေချိုးလိုက်ဦးမယ်။ သမီး အစောကြီး လာခဲ့မယ်နော်လို့ပြောတော့ ကျွန်မကို ခေါင်းညိမ့်ပြပြီး သူ့ဟာသူ ကုတင်ပေါ်မှာ စာအုပ် ထိုင်ဖတ်နေတာ။ ဒါနဲ့ ကျွန်မလည်း အစ်ကိုနဲ့ အတူတူ အိမ်ပြန်လိုက်တယ်။ အိမ်ရောက်တော့မှ ကျွန်မနောင်တရနေတာ။ ဆေးရုံကို ပြန်သွားချင်ပြန်ရော။ ညီမလေးကိုတောင် အဖေက ဘာလို့လည်းမသိဘူး ငါ့ကို ပေးမပြန်ချင်ဘူးဟာလို့ ပြောပြတော့ ညီမလေးက စိတ်ထဲမထားနဲ့ အိပ်ပျော်အောင်အိပ်၊ မနက်စောစောသွားပေါ့တဲ့။ ဒါပေမယ့် မနက် အစောကြီး ကျွန်မအစ်ကိုရောက်လာရော။ အဖေ ညကတစ်ညလုံးမအိပ်ရဘူး၊ အသက်ရှူကြပ်လို့ဆိုပြီး ကျွန်မတို့ကို လာခေါ်ပါရော။ အဲဒါနဲ့ ကျွန်မဘာမှမလုပ်နိုင်ဘူး အမြန်လိုက်သွားတာ။ ဟိုရောက်တော့ ကျွန်မအဖေ ဘယ်သူ့ကိုမှ စကားမပြောနိုင်တော့ဘူး။ သူ့ဟာသူ စိတ်လျှော့လိုက်တာလည်း ပါမယ်။ အဖေက အစကတည်းက မှာထားပြီးသားပါ။ သူဘယ်လိုသေရမယ်ဆိုတာကို သူ့ဟာသူ ပြင်ဆင်မယ်။ အဲဒီကျရင် ဘယ်သူမှ သူ့ကို မနှောက်ယှက်နဲ့တဲ့။ ကျွန်မအထင် အဲဒီကတည်းက အဖေ တရားမှတ်နေပြီ ထင်တယ်။ ဆရာဝန်တွေက အိမ်ခေါ်သွားလို့ရပြီဆိုတော့ ကျွန်မတို့ အိမ်ကိုခေါ်ပြန်လာတယ်။ အိမ်ရောက်တော့ မျက်လုံးတစ်ချက် ဖွင့်ကြည့်တယ်။ ဘာမှတော့မပြောဘူး၊ ပြီးတော့ ကျွန်မ အဖေ့ကို ပရိတ်ရွတ်ပေးနေတာ။ ကျွန်မအစ်ကိုကြီးက တော်တော့တဲ့ နင့်အသံကို အဖေစွဲသွားလိမ့်မယ်ဆိုတော့ ကျွန်မ အသံထွက်ပြီး မရွတ်တော့ဘဲ အသံတိတ်ရွတ်ပေးတယ်။ ပြီးတော့ အဖေ့ကို မိုးကုတ်တရားခွေ ဖွင့်ပေးတော့ အဖေ မျက်လုံး တစ်ချက်ထပ်ဖွင့်ကြည့်တယ်။ ပြီးတော့ ခေါင်းညိမ့်ပြတယ်။ မိုးကုတ်တရား ပြီးခါနီး ဆရာတော်က ပရိတ်သတ်ကို တိုင်ပေးတာ ငါသည် သေရတော့မည်၊ မိနစ်ပိုင်းသာလိုတော့သည် ဆိုပြီး (၃)ကြိမ် တိုင်ပေးတယ်။ သေချင်းတရားကို နှလုံးသွင်းခိုင်းတဲ့သဘောပေါ့။ အဲဒီ (၃)ကြိမ်လည်း ပြီးရော ကျွန်မအဖေ ဆုံးသွားတယ်။ ငြိမ်ငြိမ်လေးပဲ။ ဒါပေမယ့် ကျွန်မ အသံထွက်ပြီးမငိုသေးဘူး၊ တခြားသူတွေကိုလည်း မငိုခိုင်းသေးဘူး။ ဘာလို့လည်း ဆိုတော့ အဖေ့ဝိညာဉ်က ရှိနေဦးမှလေ။ သူစိတ်ချမ်းချမ်းသာသာနဲ့ ထွက်ခွာသွားစေချင်လို့ပါ။ ဒါပေမယ့် ကျွန်မ ဘာလို့နောင်တရလည်းဆိုတော့ အဲဒီညက ကျွန်မကို အဖေ မပြန်စေချင်တာကို ကျွန်မ ပြန်ခဲ့မိလို့ပါ။ ပြီးတော့ ကျွန်မ ခါတိုင်းလို အဖေရဲ့နောက်ဆုံးအချိန်မှာ အဖေနဲ့ ဘာစကားမှ မပြောလိုက်ရလို့ပါ။ ကျွန်မလို သင်တို့ကိုလည်း နောင်တမရစေချင်လို့ ဒီ Post ကို တင်လိုက်တာပါ။ ဝေဖန် အကြံပေးအုံးနော်....

1 comment:

နေလင်း said...

အဲတုန်းက ခံစားခဲ့ရတဲ့ ခံစားမှုကို ကိုယ်ချင်းစာလို့ရပါတယ်...အားလုံးဟာ ကွက်ကွက်ကွင်းကွင်းပါပဲ..အရေးအသားလည်း ကောင်းပါတယ် ..အားပေးလျက်ပါ