ဒီpost ကို တင်လိုက်တာကတော့ ကျွန်မသိချင်တာလေးတစ်ခုရှိလို့ပါ။ ဒီ လမင်းနဲ့ပင်လယ်ဆိုတဲ့ သီချင်းကို လူတော်တော်များများ နားထောင်ဖူးကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ အဲဒီ သီချင်းကိုနားထောင်ကြီးတော့ ဘယ်လိုသဘောရကြလည်းဆိုတာကို ဖြေပေးလို့ရမလား? ကျွန်မသိချင်တာကတော့-
(၁) လမင်းနဲ့ပင်လယ်ဟာ တကယ်ပဲ မဆုံနိုင်ဘူးလား ?
(၂) ပင်လယ်က လမိုက်ညတွေမှာ ဆူညံပေါက်ကွဲပြီး အော်ဟစ်နေသလို လမင်းကရော တိတ်တဆိတ် ငိုကြွေးနေမယ်လို့ မထင်ကြဘူးလား ?
ပြီးတော့ ကျွန်မစဉ်းစားမိတာ (၁)ခုကလေ လမင်းအနေနဲ့ ပင်လက်ထက်တောင် ပိုပြီး အထီးကျန်လိမ့်မယ်လို့ ထင်တယ်။ ပင်လယ်ပြင်ရဲ့ ရင်ခွင်ကြမ်းပြင်မှာ အခြား ပျော်ရွှင်စရာအရိပ်တွေ အများကြီး ထင်ဟတ်ဆော့ကစားနိုင်ပေမယ့် လမင်းကတော့သူ့ရဲ့ ပုံမှန်တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း အဖော်မဲ့ အထီးကျန်ဖြစ်မြဲ ဖြစ်နေရမှာ ပဲလေ။ ဒါပေမယ့်လည်း လမင်းက တော်တော်တော့ သတိရှိတယ်နော်။ သူကိုယ်တိုင်က ကိုယ်ပိုင်အလင်းရောင် မရှိပေမယ့်လည်း သူခဏတာ ပိုင်ဆိုင်ရရှိတဲ့ အလင်းရောင်လေးကို အခြားသူတွေကို မျှဝေပြီးတော့ အေးမြတဲ့ အလင်းရောင်လေးကို ပေးမြဲပေးလျက်ပဲ။ ဒီဘက်တစ်ခြမ်းမှာ လမိုက်ညဖြစ်သွားပေမယ့် ဟိုဘက်တစ်ခြမ်းမှာ တော့ သူ့အလင်းရောင်ကို တာဝန်ကျေပွန်စွာ ပေးဆပ်နေတယ်ဆိုတာကို လူတွေ မေ့နေကြလို့နေမှာပါနော်။ ဒါ့ကြောင့် ကျွန်မပြောချင်တာက လမင်းမရှိလို့ဆိုပြီး ပင်လယ်ကို အကြောင်းမဲ့သက်သက် မငိုကြွေးခိုင်းစေချင်းဘူး။ အချိန်တန်ရင် လမင်းက ပြန်ရောက်လာပြီး သူ့တာဝန်ကို သူတတ်နိုင်သလောက် ပေးဆပ်နေမှာပါ။ ပင်လယ်ကလည်း သူတတ်နိုင်တဲ့ဘက်ကနေ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပြီး လသာမယ့်နေ့ကို ပျော်ရွှင်စွာနဲ့ စောင့်စားနေတဲ့ (လှိုင်းအော်သံက ပျော်ပြီး ရီနေတာလည်း ဖြစ်နိုင်တာပဲလေ) ပင်လင်ပြင်ကြီးတစ်ခုလို့ ခံစားကြည့်စေချင်တယ်။ ဒီလိုဆိုရင် လမင်းနဲ့ ပင်လယ်ကို ကြည်နူးဖို့ကောင်းတဲ့ မိတ်ဆွေ မောင်နှမတွေလို့ ခံစားကြည့်လို့ ရမယ်ထင်တယ်နော်။

No comments:
Post a Comment