ကျွန်မကဗျာလေးတစ်ပုဒ်တင်ချင်ပါတယ်...
အဲဒီကဗျာလေးက ကျွန်မရဲ့ အဖေကိုယ်တိုင်ရေးစပ်ခဲ့ပြီး အဖေဆေးရုံတက်နေတုန်း ဆေးရုံပေါ်မှာ အဆုံးသတ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်မအဖေ ဆုံးတော့ အဖေ့ရဲ့ နာရေးဖိတ်စာနဲ့အတူ ဒီကဗျာလေးကို မျှဝေပေးခဲ့ပါတယ်။ ကျွန်မအဖေက စာဖတ်တာဝါသနာ အရမ်းပါသလို စာတွေ၊ ကဗျာတွေရေးတာလည်းဝါသနာပါတယ်။ ပြီးတော့ ကျွန်မတို့မောင်နှမတွေကို ဆုံးမစရာရှိရင်လည်း နားလည်သဘောပေါက်အောင် ဥပမာတွေ ပေးပြီးတော့ ပြောတတ်တယ်။ ကျွန်မအဖေက ပန်းချီဆရာတစ်ယောက်ပါ။ သူ့ခံစားချက်တွေကို ပန်းချီနဲ့လည်း ပုံဖော်တတ်တယ်။ ကျွန်မတို့ မောင်နှမတွေဆို ဇာတ်တော်တွေ၊ ဗုဒ္ဓ၀င်တွေကို ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တယ်။ အဖေဆွဲထားတဲ့ ပန်ချီးကားတွေ အကြောင်းကို ကျွန်မတို့နားလည်အောင် အဖေက အမြဲပဲ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ကျွန်မအဖေက ဗုဒ္ဓ၀င်တွေကို စာအုပ်တွေဖတ်ရင်းနဲ့ သူ့စိတ်ကူးနဲ့သူပုံဖော်ထားတာ။ ကျွန်မတို့မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ပအိုဝ်းရွာက ဘုန်းဘုန်းတွေဆို ကျွန်မအဖေရဲ့ လက်ရာကို အရမ်းနှစ်သက်ကြတယ်။ အဲဒီဖက်က ဘုန်းကြီးကျောင်း တော်တော်များများမှာ အခုထိ ကျွန်မအဖေရဲ့ လက်ရာ ဗုဒ္ဓ၀င်ပန်းချီကားတွေ ရှိနေတုန်းပါပဲ။ ကျွန်မအဖေက အဲဒီလို ပန်းချီဆွဲတော်သလို ကဗျာစပ်တဲ့နေရာမှာလည်း တော်ပြန်ရော။ ကဗျာကို သူများတွေလို စာရွက်မှာ ရေးချပြီးစပ်တာက တော်တော်ရှားတယ်။ သူက စိတ်ထဲကနေ စပ်နေတာ။ မကြိုက်ရင် စိတ်ထဲမှာပဲ သူ့သူပြန်ဖျက်လိုက် စပ်လိုက်နဲ့ လုံးဝကြိုက်ပြီဆိုမှာ စာရွက်ပေါ်မှာချရေးတာ။ အခု ကျွန်မတင်ပေးမဲ့ ကဗျာကလည်း အဲလိုပဲ သူ့စိတ်ထဲမှာ စပ်ထားတာတော့ကြာပြီ။ ဒါပေမဲ့စာရွက်ပေါ်မှာ ချရေးတာမဟုတ်ဘူး။ ဆေးရုံပေါ်ရောက်မှ သူခွဲခန်း ၀င်ရမဲ့နေ့ရောက်ခါနီးမှ ဆရာဝန်က (၅၀%)ရာခိုင်နှုန်းလို့ပြောတော့မှ သူ့ရဲ့ခွဲစိတ်မှု မအောင်မြင်ခဲ့ရင် ဒီကဗျာလေး (၂)ပုဒ်ကို သူ့နာရေးလာတဲ့ သူ့မိတ်ဆွေတွေကို ဖြန့်ဝေပေးပါဆိုပြီး လစသတ်ချရေးပေးခဲ့တဲ့ နောက်ဆုံး ကဗျာလေး(၂)ပုဒ်ပေါ့။ ကျွန်မတို့မောင်နှမလည်း အဖေ့ဆန္ဒ ကို ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ အခုလည်း ကျွန်မရဲ့ Blog ကိုအားပေးကြတဲ့ မိတ်ဆွေအားလုံးကို ပြန်လည်ဖြန့်ဝေပေးလိုက်ပါတယ်။ အားလုံးမျှဝေခံစားနိုင်ပါစေလို့ ဒီ Post လေးကိုတင်ရင်း ကျွန်မရဲ့အဖေကို ထပ်မံသတိရ ရှိခိုးကန်တော့လိုက်ပါတယ်။
ငါသည်အရှိ

သုညထိုးမှငြိမ်းအေးရ
ငါသည်အရှိ
ငါ့ဟာရှိဟု
ဒိဋ္ဌိသက်က္ကာ
စွဲယူပါလျှင်
ငါ့တွင်ရောဂါ
ကပ်ရောက်လာသော်
ငါ့ဟာတစ်ခု ပျက်မှုကြုံသော်
ရင်ခုန်သောက ပူဆွေးရမည်
မုချသေချာ မလွဲပြီ။
ငါသည်မရှိ
မရှိ ငါ့ဟာ
ဒိဋ္ဌိ ခွာ၍
ဗလာ သုည
ထိုးထားကြလျှင်
ငါ့တွင်ရောဂါ
ကပ်ရောက်လာလည်း
ငါ့ဟာတစ်ခု ပျက်မှုကြုံလည်း
ရင်ခုန်သောက ငြိမ်းအေးရမည်
သုညထိုးသည့် အကျိုးတည်း
(၄-၁၀-၂၀၀၄)
ဒိဋ္ဌိသက်က္ကာ
စွဲယူပါလျှင်
ငါ့တွင်ရောဂါ
ကပ်ရောက်လာသော်
ငါ့ဟာတစ်ခု ပျက်မှုကြုံသော်
ရင်ခုန်သောက ပူဆွေးရမည်
မုချသေချာ မလွဲပြီ။
ငါသည်မရှိ
မရှိ ငါ့ဟာ
ဒိဋ္ဌိ ခွာ၍
ဗလာ သုည
ထိုးထားကြလျှင်
ငါ့တွင်ရောဂါ
ကပ်ရောက်လာလည်း
ငါ့ဟာတစ်ခု ပျက်မှုကြုံလည်း
ရင်ခုန်သောက ငြိမ်းအေးရမည်
သုညထိုးသည့် အကျိုးတည်း
(၄-၁၀-၂၀၀၄)
1 comment:
အရမ်းကောင်းတဲ့ ကဗျာလေးပါ...အဓိပ္ပါယ်အ၇မ်းပြည့်ဝပါတယ်...တင်ပေးတဲ့အတွက် ကျေးဖူးပါ
Post a Comment