ဒီနေ့ဟာ ကျွန်မတို့ မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ် တပို့တွဲ လပြည့်နေ့ဖြစ်ပါတယ်။ တပို့တွဲလကို အနက်အဓိပါယ်အမျိုးမျိုး ဖွင့်ဆိုလျက်ရှိကြပါတယ်။ ဆရာကြီး ဦးဖိုးလတ်က တ၊ ပို့၊ တွဲ ဟူသော သုံးပုဒ်ပေါင်းစပ်ပြီး တပို့တွဲဆိုသည်မှာ ထန်းဖူး၊ ထန်းခိုင်တံတို့အား အောက်သို့ ကိုင်းညွတ်အောင် ပြုသောလ၊ ထန်းရည်နင်းလဟု အဓိပါယ်ရသည်ဟု ယူဆသည်။ လှေသင်းအတွင်းဝန်က နေရောင်ပျိုးရာ အရပ်သို့ ပြေးသွားစေတတ်သောကြောင့် တပမာဝယမှ တပို့ခွဲ၊ တပို့ခွဲမှ တပို့တွဲဖြစ်လာသည်။ အလွန်ချမ်းအေးသဖြင့် နေရောင်ရှိရာအရပ် ပြေးပြီး နေပူဆာလှုံရသောလဟု လည်းကောင်း၊ ဒုတိယကျော် အောင်စံထားရာ ဆရာတော်က တပို့တွဲလကို လယ်ယာလုပ် ကိရိယာ ထမ်းပိုးများကို ဆွဲထားလေ့ရှသောကြောင့် ထမ်းပိုးဆွဲ၊ ထမ်းပိုးတွဲ ဟူသော စကားမှ ဖြစ်ပေါ်သည်ဟု လည်းကောင်း အနက်ဖွင့်သည်။
တပို့တွဲလသည် ဆောင်းနှောင်းဖြစ်ပြီး အအေးတကာ့ အအေးဆုံးအချိန်၊ အအေးဆုံး အချိန်ကာလတွင် ပါဝင်သည်။ အေးချမ်းလွန်းသောကြောင့် ဘရားရှင်တောင်မှ လက်တော်အေးသဖြင့် မီးကင်ရသည်ဟု ယူဆကာ မီးအလှူပွဲ၊ မီးကုသိုလ်ပြုပွဲ၊ မီးဖုန်းပွဲကို ကျင်းပကြသည်။ ယခုအခါ မီးဖုန်းပွဲတော်သည် အညာဒေသနှင့် ရှမ်းပြည်နယ် အချို့တို့တွင်သာ ရှိတော့သည်။ ကျွန်မတို့ရဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာဆိုရင် ကျွန်မ သိတတ်စ အရွယ်ကတည်းက နှစ်စဉ်နှစ်တိုင်း ရှားမီး (ဘုရားမီးပူဇော်ရာတွင် ထင်းအဖြစ်သုံးသော ရေတမ (သို့) တောင်တမာ) ဖြင့် မိမိ၏နေနံ ဂြိုဟ်တိုင်ရှေ့တွင် ထင်းချောင်း (ရှား) အသက်စေ့ ပူဇော်ကြပါတယ်။
ယခုအခါမှာတော့ မီးလောင်မည်စိုးသဖြင့် ဂြိုဟ်တိုင်ရှေ့ သတ်မှတ်ထားသည့် မီးပုံအတွင်းသို့သာ ပစ်ထည့် ပူဇော်ကြရပါတယ်။ ဒါ့အပြင် ရပ်ကွက်က ဘုရားများတွင်လည်း မီးတိုင်အရှည် ပေ (၂၀)ခန့်၊ လုံးပတ် (၂)ပေခန့်ကို အိုးစည် ဗုံမောင်းများ တီးမှုတ်ကခုံကြပြီး မီးထွန်းညှိပူဇော်လေ့ ရှိကြပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ဒီလိုနေ့မျိုးမရောက်ခင်ကတည်းက အဲဒီ ရှာ (ရေတမာ)သားကို တောထဲမှာ ကိုယ်တိုင်သွားရောက်ခုတ်ယူပြီး ထင်းချောင်းလေးတွေဖြစ်အောင် ခွဲခြမ်းပြီး အဖေအတွက်၊ အမေအတွက်၊ အစ်ကို၊ အစ်မနှင့် ကျွန်မတို့ မောင်နှမအားလုံးအတွက် အားလုံးရဲ့ အသက်အလိုက် ထင်းစည်းလေးတွေ အဆင်သင့် စည်းထားကြတာပေါ့။ လပြည့်ညရောက်ပြီဆိုတာနဲ့ မောင်နှမတွေအားလုံး ပျော်ပျော်ပါးပါး ရှားမီးပူဇော်ဖို့ ဘုရားသို့ ချီတက်ကြတာပေါ့။
တစ်လမ်းလုံးလည်း လူတွေအပြည့်ပဲ၊ ဘုရားပေါ်ရောက်တော့လည်း အားပါးပါး လူတွေအများကြီးပဲပေါ့။ သူ့ဂြိုဟ်တိုင်အလိုက် လူတွေစည်ကားသိုက်မြိုက်လို့ပေါ့။ အဲလိုအချိန်မျိုးမှာ ခုနကပြောတဲ့ မီးတိုင်မျိုးတွေ လာပြီဆိုရင် ပြေးရတာ အရမ်းပျော်ဖို့ကောင်းတယ်သိလား။ တစ်ခါတစ်လေဆို အတူတူလာတဲ့ လူစုတွေ ကွဲကုန်ရော။ ဒါပေမယ့် မကြောက်ပါဘူး။ တွေ့အောင် ပြန်ရှာတာပေါ့။ မတွေ့တော့ လည်းအိမ်ကို ကိုယ့်ဘာသာ ပြန်တာပေါ့။ တစ်လမ်းလုံး အဖော်တွေမှ အများကြီးပဲ။ အရမ်းပျော်ဖို့ကောင်းတယ်သိလား။
ဒီနေ့လည်း သွားဖြစ်အုံးမှာပါ။ ရှားမီးပူဇော်ပွဲဆိုတာ ဘယ်လိုလဲလို့ သိချင်ရင် ကျွန်မတို့ တောင်ကြီးမြို့ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဓါတ်ပုံတော့ မတင်တော့ဘူးနော်။ မရှိလို့။ ဒီနေ့ည ရိုက်ဖြစ်ရင် တင်ပေးမယ်။ မြင်ဖူးအောင်လို့လေ။
No comments:
Post a Comment