ငါးရာ့ငါးဆယ်နိပါတ်တော်လာ
သစ္စံကိရဇာတ်၊ ကျေးဇူးကန်းသော မင်းသားယုတ်ဇာတ်နှင့် ကားလိပ်ဖွင့်ချင်ပါသည်။
ဗာရဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ်
မင်းကြီးတွင် ဒုဋ္ဌကုမာရအမည်ရှိသော မင်းသားတစ်ပါးရှိသည်။ တစ်နေ့သောအခါ မင်းသားသည် အခြံအရံများနှင့်
ရေကစားရန် မြစ်သို့ ရောက်ရှိလာသည်။ မြစ်လယ်၌ ရေကစားနေစဉ် မိုးကြီးသဲကြီးမဲကြီးရွာသည်။
ထိုစဉ် အစေအပါးများက မင်းသားအား မြစ်လယ်၌ပစ်ထားပြီး ကမ်းပါးသို့ ကူးပြေးကြလေသည်။
ကျောင်းသို့ရောက်ချိန်တွင် ရသေ့သည် မြွေ၊
ကြွက်၊ ကျေးသားနှင့် မင်းသားတို့အား မီးလှုံစေသည်။ ထို့နောက် မြွေ၊ ကြွက်နှင့် ကျေးသားတို့အား
အစာအရင်ကျွေးသည်။ မင်းသားအား နောက်မှ အစာကျွေးလေသည်။ မင်းသားသည် သူ့အား နောက်ဆုံးမှ
အစာကျွေးသည်ကို မကျေမနပ်ဖြစ်ကာ မှတ်ထားလေသည်။ မင်းသားသည် ရသေ့အပါ်၌ နာကြည်း၍ နေလေ၏။
မင်းသားသည် ကျန်းမာလာသောအခါ “အရှင်ဘုရား
အကျွန်ုပ် မင်းဖြစ်သောအခါ ကြွလာတော်မူခဲ့ပါ။ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ကိုးကွယ်ပါမည်”
ဟု လျှောက်ထားကာ ကျောင်းမှ ထွက်လာခဲ့လေသည်။
များမကြာမီ မင်းသားသည် မင်းဖြစ်လေသည်။
ရသေ့ကြီးလည်း မင်းသား၏စကားအတိုင်း နေပြည်တော်သို့
လာခဲ့သည်။ ထိုစဉ် မြို့တွင်းသို့ ဆင်စီးကာ လှည့်လည်တော်မူသော မင်းနှင့် မြို့တွင်း၌တွေ့လေသည်။
မင်းသည် ရသေ့ကို တွေ့ကာ မှတ်မိပြီး......“ရသေ့ကောက်သည် ငါ့ထံ၌ စားသောက်လို၍ လာချေပြီ။
ငါ့အပေါ် သူပြုဖူးသော ကျေးဇူးတရားကို အခြားသူများအား ပြောမပြမီ ရသေ့ဦးခေါင်းကို ဖြတ်အံ့””
ဟု စိတ်ကူးကာ......
“ရသေ့အား ခေါင်းဖြတ်သတ်လေ့” ဟု မင်းမှုထမ်းတို့အား
အမိန့်ပေးလေသည်။
မင်းမှုထမ်းတို့က ရသေ့အား ဖမ်းဆီးကာ ရိုက်နှက်ကြသည်။
ရသေ့သည်.... “မြစ်ရေထဲမှ ထင်းတုံးကို ကယ်တင်ခြင်းသည်
မြတ်၏. သူ့ကျေးဇူးကို မသိတတ်သော ယေက်ျားယုတ်ကို ကယ်တင်ခြင်းသည် မမြတ်။ ဤသို့ ပညာရှိများဆိုခဲ့သောစကားသည်
မှန်၏” ဟု မြည်တမ်းလေသည်။
ကြားရသူများက ထူးခြားလှသည်ဆိုကာ အကြောင်းစုံ
မေးကြလေသည်။ ရသေ့ကြီးက ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်။ ထိုအခါ ပြည်သူများက ကျေးဇူးမသိသောမင်း၊
ကျေးဇူးတရားကို မသိသောမင်း၊ ထိုမင်းလက်အောက်၌ နေရခြင်းဖြင့် ငါတို့အား အဘယ်မှာ အကျိုးစီးပွား
ဖြစ်မည်နည်း။ ထိုမင်းအား ဖမ်းကြလော့” ဟု ဆိုပြီးလျှင် မင်းကို ဆင်ပေါ်မှ ဆွဲချသတ်ဖြတ်ကြလေသည်။
ရသေ့ကြီးအား မင်းအဖြစ် တင်မြှောက်ကြလေသည်။
ဇာတ်ပေါင်းသော် ဒုဋ္ဌကုမာရမင်းသည် ဒေ၀ဒတ်လောင်းဖြစ်ပြီး ရသေ့သည်
ဂေါတမဗုဒ္ဓမြတ်စွာအလောင်းတော် ဖြစ်လေသည်။
ဤဇာတ်တော်က ဘာကိုပြဆိုသလဲ။
ဒုဋ္ဌကုမာရမင်းသားသည် ရသေ့ကြီးအပေါ် နာကြည်းရာမှ ကလဲ့စားချေသောဇာတ်ဖြစ်ပါသည်။
ကျေးဇူးတရားထက် နာကြည်းစရာကို အသိအမှတ်ပြုမိသော ကျေးဇူးကန်းသည့်ဇာတ် ဖြစ်ပါသည်။
လောကမှာ နာကြည်းစရာများကို ရင်မှာ ပိုက်ထွေးပြီး တွေးနေလျှင်
တစိမ့်စိမ့် ဒေါသထွက်နေပေလိမ့်မည်။ ဒေါသဖြစ်ရာမှ စိတ်ဖြင့် ကလဲ့စားချေ။ နှုတ်ဖြင့်ကလဲ့စားချေ။
လက်ဖြင့် ကလဲ့စားချေမိတော့သည်။ ရန်ငြိုးအာဃာတ တစ်စတစ်စ ကြီးမားလာချေတော့သည်။
သူတစ်ပါးက မိမိပေါ် ကောင်းကျိုးပြုဖူးပါက ကိုယ့်ပေါ်ပြုဖူး
သူ့ကျေးဇူးရှိသွားလေပြီ။ သူ့ကျေးဇူးကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားသင့်သည်။ အခြေအနေနှင့်
အချိန်အရ ကျေးဇူးပြန်မဆပ်နိုင်သေးပါက ကျေးဇူးတရားကိုတော့ သိနေရပေမည်။ ကျေးဇူးတရားကို
မသိကျိုးကျွန်ပြုကာ ထိန်ချန်မထားသင့်ချေ။
“အရိပ်နေနေအခက်ချိုးချိုး” အပြုအမူမျိုးသည် ကျေးဇူးကန်းသည့်
အပြုအမူပင် ဖြစ်သည်။ ကျေးဇူးကန်းသည့် အပြုအမူမျိုးများ မဖြစ်သင့်ချေ။ ကျေးဇူးတရားကို
မဆပ်နိုင်သေးသည့်တိုင် ကျေးဇူးတရားကား မမေ့သင့်ပါချေ။
ဤနေရာတွင် ဂျော်ဒန်နိုင်ငံမှ ပုံပြင်လေးတစ်ပုတ်ဖြင့် တင်ပြလိုသေးသည်။
ရှေးရှေးတုန်းက ဂျော်ဒန်နိုင်ငံမှာ အလွန်ချစ်ခင်ကြသော သူငယ်ချင်းနှစ်ယောက်ရှိသည်။
သူငယ်ချင်းနှစ်ယောက်သည် ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကြလေသည်။ မောင်တစ် နှင့် မောင်နှစ်
ဆိုပါတော့။
တစ်နေ့မှာ မောင်တစ်က လက်အောက်ငယ်သားတစ်ယောက်ကို ဆုံးမသည်။
အဲ့ဒါနှင့်ပတ်သက်ပြီး မောင်တစ်မှားသည်။ နည်းလမ်းမကျဟု မောင်နှစ်ကထင်သည်။ “မောင်တစ်မှားတယ်”ဟု
မောင်နှစ်က ပြောသည်။ မောင်တစ်က စိတ်ဆိုးပြီး မောင်နှစ်ကို ဘာမျှပြန်မပြောသော်လည်း လက်အောက်ငယ်သားကို
ပို၍ဆုံးမလေသည်။
မောင်နှစ်က မောင်တစ်သည် သူပြောတာကို မကြိုက်လျှင် သူ့ကိုပြန်ပြောရမည့်အစား
လက်အောက်ငယ်သားကို ပိုမိုနှိပ်စက်နေတာမြင်ရတော့ မောင်တစ်၏ပါးကို ရိုက်လိုက်သည်။ မောင်တစ်က
ပါးရိုက်ခံရတာကို စိတ်မကောင်းဖြစ်ပြီး တုတ်တစ်ချောင်းနှင့် သဲသောင်ပြင်ပေါ်မှာ....“ငါ့အချစ်ဆုံးသူငယ်ချင်းက
ငါ့ပါးကို ဒီနေ့ရိုက်ခဲ့တယ်” ဟု ရေးသားခဲ့သည်။ ဒါကို မောင်နှစ်က ဖတ်ရတော့ စိတ်မကောင်းဖြစ်ခဲ့သည်။
ဒါပေမယ့် ဘာမျှမပြောဘဲ လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့သည်။
တစ်နေ့မှာ ရွာတစ်ရွာကို အလုပ်သွားလုပ်ဖို့ လှေကြီးနှင့်
ခရီးထွက်လာခဲ့သည်။ မြစ်ထဲမှာ ခရီးသွားနေရင်း မောင်တစ်လှေပေါ်က ပြုတ်ကျသည်။ လူတွေအားလုံး
မျက်ကလူးဆန်ပျာဖြစ်သွားသည်။ သို့သော် မောင်တစ်ကို ရေထဲဆင်းကယ်ရမှန်းမသိကြချေ။ ထိုအချိန်တွင်
မောင်နှစ်သည် ရေထဲခုန်ချပြီး မောင်တစ်ကို ကယ်သည်။ မောင်နှစ်သည် မောင်တစ်ကို ကယ်ပြီး
ကမ်းပါးသို့ ခေါ်သွားသည်။ မောင်တစ်လည်း ထူနိုင်ထောင်နိုင်ဖြစ်သွားသည်။
မောင်တစ်သည် မောင်နှစ်ကို ကျေးဇူးတင်ကြောင်း စကားတစ်ခွန်းမျှမဆိုဘဲ
လှေပေါ်တက်သွားသည်။ လှေပေါ်မှ တူနှင့်ဆောက်ကိုယူပြီး ကျောက်တောင်ပေါ်တက်သွားပြီး ကျောက်နံရံမှာ
စာတွေထုထွင်းသည်။
“ငါ့အချစ်ဆုံးသူငယ်ချင်းက ဒီနေ့ သူ့အသက်ကိုစွန့်ပြီး ငါ့အသက်ကို
ကယ်ခဲ့တယ်”
မောင်နှစ်က မောင်တစ် ထွင်းသောစာကို ဖတ်ပြီး ပျော်ရွှင်ဝမ်းသာသွားသည်။
သို့သော် စိတ်ထဲမှာ မရှင်းတာတော့ ရှိနေသေးသည်။ မေးရဦးမည်။ မောင်နှစ်က..“မောင်တစ်ရေ
ဟိုတစ်ခါ မင်းကိုပါးရိုက်လိုက်တုန်းက သဲသောင်ပေါ်မှာ စာရေးခဲ့တယ်။ အခုတစ်ခါတော့ ကျောက်နံရံမှာ
စာတွေထွင်းခဲ့တယ်။ အဲဒါဘာသဘောလဲကွာ” လို့ မောင်နှစ်က မေးလိုက်သည်။ မောင်တစ်က......“လူတစ်ဦးတစ်ယောက်ကို
ကိုယ့်စိတ်ထဲမှာ နာကြည်းတဲ့အခါ သဲသောင်ပြင်ပေါ်မှာ မှတ်တမ်းတင်တယ်။ ဒါမှ ကြာကြာမထင်ဘဲ
ပျောက်ပျက်သွားမယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်က ကိုယ့်အပေါ် လုပ်ဆောင်ပေးတဲ့ ကျေးဇူးတရားကိုတော့
ကျောက်နံရံမှာ ထွင်းထုထားရတယ်။ လွယ်လွယ်နဲ့ မပျက်စီးနိုင်တော့ဘူးပေါ့” ဟု ရှင်းပြလေသည်။
သဘောကတော့ “နာကြည်းစရာတွေကို ကြာကြာမထင်တဲ့ သဲသောင်ပေါ်မှာရေးပြီး
ကျေးဇူးတရားတွေကိုတော့ တော်တော်နဲ့ မပျက်စီးနိုင်တဲ့ ကျောက်သားပေါ်မှာ မှတ်တမ်းတင်တာပါ”
လို့ ဆိုလိုတာပါပဲ။
“နာကြည်းစရာ၊ ထုတ်ပစ်ပါ၊ အခါအခါမေ့ပစ်လိုက်”
“ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူး သိရမည်”
ဂျော်ဒန်ပုံပြင်လေးက
အဲ့ဒီအချက်ကို ပေးပါသည်။
နာကြည်းစရာဆိုတာ အနာအိုင်းနှင့် တူပါသည်။ အနာအိုင်းတို့မည်သည်
ဖြစ်လာလျှင် ခွဲထုတ်ပစ်ရမည်။ ခွဲထုတ်ပစ်သောအခါ အသားကောင်းတွေကိုပါ လှီးထုတ်ပစ်ရသည်။
အနာကျက်သွားသောအခါ၌လည်း ထင်းစွာသော အမာရွတ်ကြီး ကျန်ရစ်သည်။ နာကြည်းဖွယ်ရာတို့ကို အမှတ်အတေးကြီးစွာထားလျှင်
မကောင်းပါ။ အမုန်းသံသရာ ချဲ့တတ်သည်။
ကျေးဇူးတရားကတော့ နာကြည်းစရာနှင့် မတူပါ။
မိမိက သူတစ်ပါးအပေါ် ကျေးဇူးတရားတွေ ပြုခဲ့မိပါက စိတ်မှာ
အမှတ်မထားဘဲ ဖျောက်ဖျက်ရပါမည်။ ပီတိကိုသာ စားရပါမည်။
သူတစ်ပါးက မိမိအပေါ် တင်ရှိသော ကျေးဇူးတရားကိုတော့ ပြန်ဆပ်ရပါမည်။
ကျေးဇူးတရားကို ပြန်မဆပ်နိုင်သေးလျှင် ကျေးဇူးတရားကိုတော့ ထုတ်ဖော်ဝန်ခံနေရပေမည်။ ကျေးဇူးရှင်များအပေါ်
ကျေးဇူးမကန်းဖို့ အထူးသတိထားနေရပေမည်။
လူတချို့ကျေးဇူးတရား သိပုံမှာ ချီးကျူးစရာကောင်းသည်။ မိဘလက်ထက်က
ကျေးဇူးပြန်မဆပ်နိုင်၍ သားသမီး လက်ထက်မှာ ကျေးဇူးပြန်ဆပ်ကြသည်။
“မင်းမိဘတွေရဲ့ ကျေးဇူး ငါတို့မိဘတွေအပေါ်မှာ ရှိတယ်။ ဒါကြောင့်
ကျေးဇူးပြန်ဆပ်တာ” ဟု ကျေးဇူးတရားကို သိတတ်ကြသည်။
နိဂုံးချုပ်အနေနှင့် ပြောလိုတာကတော့ “နာကြည်းစာရာရှိလျှင် သဲသောင်ပေါ်မှာ ရေးပါ။ ကျေးဇူးတရားတွေရှိလျှင်
ကျောက်နံရံပေါ်မှာ ရေးပါ” ဟူ၍ ဖြစ်ပါသည်။
အတွေးအမြင်
ဆောင်းပါးရှင် ဆရာသန်းငြိမ်းအေး ရဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလထုတ်
အတွေးအမြင် အမှတ် (၂၃၆) စာအုပ်မှ မူရင်းအတိုင်း ပြန်လည် ကူးယူမျှဝေပေးပါသည်။
No comments:
Post a Comment