လူတိုင်းလူတိုင်းတွင်ဆရာရှိကြမယ်လို့ထင်ပါတယ်။
အဲဒီလိုပဲကျွန်မရဲ့ဘ၀တစ်လျှောက်မှာ ဆရာပေါင်းမြောက်များစွာရှိခဲ့ပါတယ်။
ကျွန်မသိတတ်စအရွယ်ကတည်းက ကျွန်မရဲ့ လက်ဦးဆရာတွေကတော့ ကျွန်မရဲ့ မိဘ(၂)ပါးပါပဲ။
ကျွန်မရဲ့မိဘ(၂)ပါးက ကျွန်မကို ရယ်တတ်အောင်၊ ငိုတတ်အောင်၊ ပျော်ရွှင်တတ်အောင် ...
စသည်ဖြင့် အမျိုးမျိုးချော့မြှူသင်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မ ပထမဦးဆုံး ကျောင်းစတက်ရမဲ့
နေ့ကို ရောက်ရှိလာခဲ့ပါတယ်။
ပထမဆုံးကျောင်းစတတ်ရတဲ့နေ့မှာ ကျွန်မရဲ့ အဖေက ကျွန်မကို ကျောင်းသို့လိုက်လံပြီး ကျွန်မကို ဆရာကြီးဆီမှာ ကျောင်းအပ်နှံပေးခဲ့ပတယ်။ အဲဒီမှာ ကျွန်မအတွက် ပထမဆုံး ဆရာနဲ့ စတွေ့ခဲ့တာပေါ့။ အဲဒီဆရာကြီးဟာ ကျွန်တို့မိသားစုနဲ့ အရမ်းရင်းနှီးပါတယ်။ ဆရာကြီးဟာ အခုအချိန်မှာ လူ့လောကကြီးထဲမှာ မရှိတော့ပေမဲ့ ကျွန်မ အခုထိ အမှတ်ရနေဆဲပါ။ ဆရာကြီးဟာ အသပြာဆရာမဟုတ်ပဲ စေတနာဆရာဖြစ်ပြီး တပည့်တွေအပေါ်မှာ အင်မတန်ကို စေတနာထားခဲ့တဲ့ ဆရာကြီးပေါ့။ ဆရာတွေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ နာ(၃)နာနဲ့ ကိုက်ညီခဲ့သူ၊ ကျွန်မတို့ မောင်နှမတွေ အားလုံးရဲ့ ဆရာကြီးပါ။ ပြောရမယ်ဆိုရင် ကျွန်တို့က မောင်နှမများတဲ့အတွက် ကျွန်မတို့ရဲ့ ငယ်ဘ၀က တော်တော်လေး ကသီလင်တနိုင်ခဲ့ပါတယ်။ ကျွန်မအခုပြောတဲ့ ဆရာကြီးက ကျွန်မတို့မိသားစုရဲ့ အားကိုးရာဆရာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကျွန်မတို့မောင်နှမတွေ လိုအပ်တဲ့ စာအုပ်၊ ခဲတံကအစ ကျွန်မတို့ကို ထောက်ပံ့ခဲ့သူပါ။ ပညာရေးကို အင်မတန် အားပေးခဲ့တဲ့ ဆရာကြီးပေါ့။ အဲဒီလို ကျွန်မတို့ လေးစားအားကိုးရတဲ့ ဆရာကြီးဟာ အရက်ကိုတော့ အလွန်ကြိုက်ပါ တယ်။ ဆရာကြီးဟာ ဘယ်လောက်ပဲ အရက်မူးမူး သူ့တပည့်တွေကို မှတ်မိနေတယ်။ တခါတလေ သူအရက်မူးနေပေမဲ့ ကျွန်မတို့ တပည့်တွေအနေနဲ့ သူ့ကို ချစ်ကြောက်ရိုသေ လေးစားစမြဲပါပဲ။ ကြေကွဲစရာကောင်းတာကတော့ သူကြိုက်တဲ့ အရက်ကပဲ သူ့ကို သတ်သွားတာပါပဲ။ မှတ်မှတ်ရရ ဆရာကြီး ဆုံးတော့ ကျွန်မ (၆)တန်းတက်မဲ့ နှစ်ပါ။ ဆရာကြီးဟာ ကျွန်မတို့အားလုံးကို ခွဲခွာသွားခဲ့ပေမယ့် ကျွန်မရဲ့ ရင်ထဲမှာ ယခုအချိန်ထိ ကျွန်မတို့ရဲ့ ကျေးဇူးရှင်ဆရာကြီးကို အမှတ်ရနေဆဲပါပဲရှင်....
ဒီလိုနဲ့ ကျွန်မ(၁၀)တန်းအောင်ပြီး လုပ်ငန်းခွင်ထဲရောက်တော့ ကျွန်မအတွက် လေးစားအားကိုးလောက်တဲ့ ဆရာတွေကို ထပ်မံကြုံတွေ့ခဲ့ပါတယ်။ ကျွန်မဟာ ကျွန်မဆရာတွေရဲ့ ကျေးဇူး၊ ကျွန်မအဖေရဲ့ တွန်းအားပေးမှုတွေကြောင့် ယခုလို သူများနည်းတူ ကွန်ပျူတာကို အသုံးပြုတတ် လာတာပါ။ ဒီမှာလည်း ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နောက်ထပ် ဆရာတစ်ယောက်ကို ထပ်မံရရှိခဲ့ပါတယ်။ ကျွန်မဆရာဟာ ကျွန်မကို ကွန်ပျူတာ နည်းပညာတွေ သင်ပေးရုံမကပါဘူး၊။ ကျွန်မရဲ့ လုပ်ငန်းခွင်မှာ နေတတ်၊ ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ်အောင်၊ လူဝင်ဆန့်အောင် သင်ကြား ပြသပေးပါတယ်။ ကျွန်မမိသားစုအခြေအနေအရ စိတ်ဓါတ်ကျနေရင်လည်း ဖြစ်တတ်တဲ့ သဘောတရား လေးတွေကို အကျိုးအကြောင်းနဲ့တကွ ကျွန်မနားလည် သဘောပေါက်အောက် ရှင်းပြ အားပေး ဖေးမတတ်ပါသေးတယ်။ ဒီလိုနဲ့ ကျွန်မဆရာ့ကျေးဇူးကြောင့် စိတ်ဓာတ်ရေးရာ မြှင့်တင်နိုင်ခဲ့တဲ့အတွက် လုပ်ငန်းခွင်မှာ၊ လူမှုဆက်ဆံရေး နယ်ပယ်မှာ ထိုက်သင့်သလောက် အောင်မြင်ခဲ့ပြီး ပျော်ရွှင်မှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မလိုပဲ သင်တို့အားလုံးလည်း သင်တို့အပေါ်ကို ကိုယ်ကျိုး မမျှော်ကိုးပဲ အစစသင်ကြားပြသပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ရှိခဲ့မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မရဲ့ ဘ၀မှာတော့ ကျွန်မအတွက် ဆရာပေါင်းမြောက်များစွာ ရှိခဲ့တဲ့ အထဲက ကျွန်မအတွက် စံပြုထိုက်တဲ့ ဆရာ(၂)ယောက်အကြောင်းကို အမှတ်ရ ဂါရ၀ပြု လိုက်ပါတယ်။
ကျွန်မရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ရိုသေမြတ်နိုး ရှိခိုးဦးခိုက်လျက်ရှိ ပါကြောင်း ဒီနေရာမှ ထပ်လောင်းဂါရ၀ပြုလိုက်ပါတယ်ရှင် .....
.....အားလုံးကို ကျေးဇူးတင် လေးစားလျှက် .....

No comments:
Post a Comment