“လောကကြီးမှာ ဘယ်မိန်းကလေးတစ်ဦးတစ်ယောက်ကမှတော့ “အပျိုကြီးပဲလုပ်မယ်ဟေ့” ဆိုပြီး ကြွေးကြော်ပြီး လူဖြစ်လာလိမ့်မှာ မဟုတ်ပေ” ဆိုတဲ့ စာသားလေးကို ဖတ်လိုက်ရ ကတည်းက ကျွန်မအရမ်းနှစ်သက်သွားမိလို့ ဒီ ပို့စ်ကို တင်ဖို့ စဉ်းစားမိသွားတာပါ။ ဟုတ်တယ်လေ...... “အပျိုကြီး” ဟူသော အမည်နာမကို အပိုင်စားရထားတဲ့သူတွေ (ကျွန်မအပါအ၀င်ပေါ့နော် :D ) ကိုကြည့်ရင် သူတို့တွေမှာ အဲဒီအမည်နာမကြီးအတွက် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ချက်စီလောက်တော့ အနည်းဆုံး ရှိနေကြလိမ့်မှာ အမှန်ပါ။
“အပျိုကြီး” ဟူသော ဘ၀ကို ပိုင်ဆိုင်ထားကြရတဲ့ မိန်းမတွေထဲမှာလည်း အဲဒီဘ၀ကိုပဲ ခုံမင်ပျော်ရွှင်ကာ ကျေကျေနပ်နပ်ကြီး အတ္တကြီကြီး နေကြသူတွေလည်း ရှိမယ်။ အမြဲတစေ စိတ်ဓါတ်မလုံခြုံကာ စိတ်တိုင်းမကျ............ မဖြစ်ချင်ဘဲဖြစ်နေကြရသူတွေလည်း ရှိမယ်........ ဒါတင်မကသေးပါဘူး ကျေနပ်တယ်လည်းမဟုတ်၊ မကျေနပ်ဘူးလည်းမဟုတ်... ဒုက္ခရောက်နေတယ်ဆိုတာမျိုးလည်းမရှိ....။ ကိုယ့်ဘ၀ကိုယ် ဘယ်လိုမှ မနေ ပုံမှန်ပကတိအတိုင်း ဖြတ်သန်းရင်ဆိုင်နေကြရသူတွေလည်းရှိလိမ့်မည်မှာ အမှန်ပင် ..... ( Like me ပေါ့နော် :D )
တချို့ကတော့ “အပျိုကြီး” ၊ ”လူပျိုကြီး” ဆိုတာတွေဟာ လောကကြီးနဲ့ ဌာန်ကရိုဏ်းမကျ ဟု သတ်မှတ်ချင်ကြသူတွေလည်းရှိတယ်။ သို့ပါသော်လည်း ခက်နေကြတာက ထိုအပျိုကြီး၊ လူပျိုကြီးများ မဟုတ်ဘဲ ”လူ”တွေသာဖြစ်ကြောင်းတော့ ကိုယ်ကိုယ်ကိုယ်တွေလည်း သိကြပုံမရပါတဲ့။ မှန်လိုက်တဲ့စာသား :D
အပျိုကြီး၊ လူပျိုကြီးဆိုတာတွေကို လူတွေက ဘာကြောင့်များ အမြင်တွေ တိမ်းစောင်းပြီး အလကားနေရင်း ပါးစပ်ထဲထည့် ရမယ်ရှာချင်နေကြသလဲဆိုတာကတော့ စဉ်းစားလို့ကို မရနိုင်တဲ့ အကြောင်းရင်းပဲနော်။ ဒီအထဲမှာ တစ်ခု ဖြတ်ပြောချင်တာကတော့ အရင်ခေတ်ကဆိုရင် ကျွန်မတို့အရွယ်က အပျိုကြီးစာရင်း မ၀င်သေးပါဘူး....... :D ၊ ခုခေတ်ကတော့ IT ခေတ်ဆိုလား၊ ဘာလား၊ အလိုလိုနေရင်းနဲ့ ကျွန်မတောင် စာရင်းဝင်တယောက်ဖြစ်မှန်းမသိ ဖြစ်နေရပြီ....... :D
ဒါနဲ့ လူပျိုကြီးတွေထက်စာရင် အပျိုကြီးတွေမှာ ပိုလို့တောင်ဆိုးသေးတယ်....။ နေရင်းထိုင်ရင်း အလုပ်မရှိ အလုပ်ရှာ ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်းပြောရမှ၊ သူများကိစ္စတွေမှာ ၀င်ပါရမှ.... နေလို့ထိုင်လို့ကောင်းတတ်ကြတဲ့ လူများထဲမှာ ယောကျာ်းတွေထက် မိန်းမတွေက ပိုဆိုးနေတတ်ကြတာ မဟုတ်လား.....။
အဲဒီလို မိန်းမတွေရဲ့ အဓိက Terget ပစ်မှတ်ဟာ လူပျိုကြီးတွေ မဟုတ်ပဲ မိန်းမချင်းဖြစ်သည့် အပျိုကြီးတွေထံမှာသာ ပိုတတ်ကြတာလည်း အဆန်းတော့ မဟုတ်လှပါဘူးလေ....။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို “လူပျိုကြီး .... ဘယ်နှယ့်လဲ? မစွံသေးဘူးလား.... တစ်ဝါကျွတ်လို့လည်း တစ်ဝါ၀င်ပြန်ပြီ.... ဒုံရင်း ဒုံရင်းပဲလား” ဆိုတာမျိုးကို ပယ်ပယ်နယ်နယ် သွားပြောရဲဖို့ဆိုတာ လွယ်တာမှတ်လို့.... ဟိုကပြန်ပြီး “ကြည့်မနေနိုင်ရင် ခင်ဗျား ကိုယ်တိုင်ပဲ စောင်မလိုက်ပါလား....၊ ခင်ဗျားညီမ၊ ခင်ဗျားသမီးလေး အဆင်သင့်ဖြစ်ပြီ ဆိုရင်ပြောလေ” စသဖြင့် ပြန်တွယ်လိုက်ကြရင် ကိုယ့်အလှည့်မှာတော့ ပျော်ပျော်ကြီးသွားပြောရဲကြပေမယ့် ကိုယ်ပြန်ခံရဖို့ဆိုရင်တော့ ခံနိုင်ကြမှာ မဟုတ်ဘဲ......။ ဒီတော့ အလွန်ဆုံးမှ “မစားရသေးဘူးလား”လောက်သာ.........
ယောက်ျားချင်းတွေမှာတော့ လူပျိုကြီးဆိုတဲ့သူတွေကို အချင်းချင်း ဘယ်လိုဘယ်ပုံ သတ်မှတ်ကြကာ ဘယ်လိုပြောဆိုကြမလဲဆိုတာမသိ.....။ မိန်းမလောကမှာတော့ “အပျိုကြီး” ဆိုတာတွေကို ကြည့်ကို မနေနိုင်ကြတဲ့ပုံတွေနဲ့ အမြဲခလုတ်တိုက် နှက်ချင်... ပြုချင်နေကြတာ အတော့်ကို အဓိပ္ပာယ်မရှိလှတဲ့ အလုပ်ပဲမဟုတ်လား ? အိမ်ထောင်သည် မမများကလည်း..... ကိုယ်သာ ကိုယ့်အိမ်ထောင်ရေးမှာ မရှုမလှ... မရှုနိုင် မကယ်နိုင်ဖြစ်ပြီး စိတ်ကုန်ချင် ကုန်နေကြလိမ့်မယ်။ သူ့ဘာသာ အေးဆေးနေကြတဲ့ အပျိုကြီးတွေနဲ့ တွေ့ရင်တော့ ပါးစပ်လေးတစ်ပေါက်ကို နည်းနည်းလေးတော့ မထိခလုတ်၊ ထိခလုတ်နဲ့ ဖွင့်လိုက်ရမှ၊ ပိုဆိုးတာက ကိုယ်ကိုယ်တိုင်လည်း လူလွတ်ပဲ ဖြစ်နေသေးတဲ့ အပျိုလေး.... အပျိုလတ်တို့ကလည်း နှုတ်မစောင့်နိုင်ကြ....။ အသက် အစိတ်လောက် မိန်းကလေးတစ်ယောက်ယောက်ကများ သုံးဆယ်ကျော် မိန်းမကို “ဘယ်လိုလဲ အပျိုကြီး” လို့ဆိုလိုက်လျှင်.... ထိုမိန်းခလေးဟာ ကိုယ့်ကိုယ်တိုင်လည်း ဘယ်လောက်မှ မကြာမြင့်တော့မယ့် ငါးနှစ်၊ ငါးနှစ်ကျော်ကျော် အချိန်လေးအတွင်းမှာ ထိုအမည်နာမကြီးကို ပိုင်ဆိုင် လက်ခံရတော့မှာပဲ ဆိုတာကို တွေးကို မတွေးထားမိဘူးလားမသိ.....။ ငါးနှစ်အတွင်းမှာ ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေသွားရင်တော့ တော်သေးရဲ့........ အတိုင်းထက်အလွန်ပေါ့နော်.....
အဆိုးဆုံးကတော့ သူတို့မိန်းမများ၊ မိခင်များ၊ ညီမများ၊ မိတ်ဆွေသူငယ်ချင်းမများရဲ့ သံယောင်ကိုလိုက်ပြီး မိန်းမဂိုဏ်ထဲ စုံပစ်ဝင်လိုက်ချင်တတ်ကြတဲ့ ယောက်ျားသား တစ်ချို့ပင်....။ မိန်းကလေးတစ်ယောက်ကို “အပျိုကြီး”လို့ အားပါးတရ ပြောင်ချင် စချင်တတ်ကြတဲ့ ယောက်ျားသားမျိုး တကယ်ပဲရှိတယ်ဆိုတာ အပြောမဟုတ်.....။ လက်တွေ့ကို မြင်နေကြရတာပဲ မဟုတ်လား...။ ဒီလိုပြောလို့ ကိုယ့်ကိုယ်ကိုယ် အပျိုကြီးဖြစ်လို့ တော့မဟုတ်ပါဘူး..... “အပျိုကြီး” ဟု အခေါ်ခံရတာများ နာစရာလား....။ အဆီအသားလျော့စရာလားဆိုရင်တော့လည်း မဟုတ်ဘူးပေါ့.....။ ဒါပေမယ့် အိမ်ထောင်မကျသေးတဲ့ သုံးဆယ်ကျော်ပြီး မိန်းမတို့ရဲ့ “စိတ်”ကို ထိုသို့သော ဘ၀တူချင်းကသာ အတိအကျ နားလည်နိုင်ပါလိမ့်မည်။ (ကျွန်မတောင် နည်းနည်း နားလည်နေပြီလေ၊ အခေါ်ခံရတာများလာလို့ ...... :D ) အပျိုကြီးတစ်ယောက်ဖြစ်နေရတာကို ကျေနပ်ဂုဏ်ယူနေကြသူတွေသည်လည်းကောင်း......၊ မကျေမနပ်နှင့် ဆုံးရှုံးနေကြသူတွေသည်လည်းကောင်း....၊ ဘယ်လိုမှကို မနေကြသူတွေဟာလည်းပဲလည်းကောင်း..... အဲဒီလို လူ့ပတ်ဝန်းကျင်ကြီးရဲ့ နှိမ်ချင်၊ ပြောင်ချင် ခေါ်သံကြီးတွေမှာတော့ စနိုးစနှောင့် ဖြစ်ရတာချင်းမှာကြတော့ အတူတူ ထပ်တူ ထပ်မျှတွေသာ ရှိနေကြလိမ့်မှာ အလွှဲပါဘူး......။
ဒါကြောင့် ဒီပို့စ်လေးကို ဖတ်လိုက်ရတဲ့ အချိန်ကစပြီးတော့ လေ့လာကြည့်ပါလား....။ ကိုယ့်အနီးအနားမှာ ရှိတဲ့၊ ကိုယ်နဲ့ခင်တဲ့ အပျိုကြီး၊ လူပျိုကြီးတွေကို “အပျိုကြီး”၊ ဒါမှမဟုတ် “လူပျိုကြီး” လို့ တစ်ခါအခေါ်ခံရရင် ဘယ်လိုခံစားရလဲလို့ပေါ့။ ကျွန်မကတော့ မနှစ်သက်ဘူး တစ်ကယ်ပြောတာ............ :P

No comments:
Post a Comment